Friday, February 27, 2009

ကချင်ပြည်နယ်အကြောင်းတစ်စေ့တစ်စောင်း(၄)

  • အမည်
ကချင်ဟူသောအမည်မှာအမှန်စင်စစ် မြန်မာများခေါ်သောအမည်သာဖြစ်သည်။ကချင်လူမျိုး
တို့ ၏ဘာသာစကားတွင် ကချင်ဟူသောဝေါဟာရမရှိပေ။ကချင်လူမျိုးတို့ ၏အမည်အစစ်မှာ
ဂျိန်းဖော့(JingHpaw) ဟုမည်သည်။တရုတ်လူမျိုးမူကချင်လူမျိုးများကိုယေဂျင်ဟုခေါ်သည်။
နောက်ထပ်တရုတ်တို့ ခေါ်ဝေါ်တတ်သောအမည်တစ်ခုမှာ ရှန်ထို ဖြစ်သည်။တောင်ထိပ်သား
ဟုအဓိပါယ်ရသည်။အာသံ၊အိန္ဒိယ ပြည်တို့ တွင်မူ ကချင်လူမျိုးတို့ ကို စင်းဖေါ ဟုခေါ်ခဲ့ကြပြီး
မြန်မာမှတ်တမ်းတွင်မူ ကချင်လူမျိုးတို့ ကို သိန်းဖေါလူမျိုးများ ဟုမှတ်တမ်းတင်ထားသည်ကို
တွေ့ ရှိရသည်။ဂျိမ်းဖော ဆိုသည်မှာယေဘုယျအားဖြင့် ကချင်လူမျိုးအားလုံးကိုခေါ်တွင်ခြင်း
ဖြစ်ပြီး ဒေသအလိုက်ဆိုလျင် တောင်အောက်ဘက်တွင်နေထိုင်ကြသောကချင်လူမျိုးများကို
ခခူး(HkaHku) ဟုခေါ်သည်။ ခခူး ဟုသောစကားအဓိပါယ်မှာ ဖြစ်ဖျား ဟုအဓိပါယ်ရသည်။
ကချင်လူမျိုးတို့ သည်အစဉ်အလာအားဖြင့် ၀ချတ်ဝ(Wa Chat Wa) ဟုဆိုသောရှေးဦးဖခင်
ကြီးမှာမွေးဖွားလာသည်ဟုခံယူကြသည်။ဖခင်ကြီးမှာ သားငါးဦးရှိရာ ထိုသားငါးဦး ၏ကြီးစဉ်
ငယ်လိုက်ထင်ရှားသောလူမျိုး အုပ်စုကြီး (၅) စုဖြစ်ပေါ်လာသည်ဟုအဆိုရှိသည်။သူတို့ မှာ
၁။ မရစ်(Marip)
၂။ လထော်(LaHtaw)
၃။ လဖိုင်(Lahpai)
၎။ အင်ခွမ်( N Hkum)
၅။ မရန်(Maran)

ဟူ၍ဖြစ်သည်။အစ်ကိုအကြီးဆုံးမှပေါက်ဖွားလာသောမရစ်အုပ်စုတို့ မှာဝါအကြီးဆုံးဖြစ်ပြီး
ကချင်လူမျိုးစုထဲတွင်လဖိုင်အုပ်စုတို့ မှာ အင်အားအကြီးဆုံးအုပ်စုဖြစ်သည်။ဤလူမျိုးအုပ်
စု(၅) စုတို့ သည်ရှေးယခင်အခါက လူမျိုးခြင်းရောယှက်ကာ အတူအတွပင်ရောနှောနေထိုင်
ခဲ့ကြသည်။ထိုလူမျိုးအုပ်စု(၅)စုအပြင်ဖခင်ကြီး ၏ညီအငယ်(၇)ယောက်မှဆင်းသက်လာ
သောအခြားလူမျိုးစု(၁၅)စုလည်းရှိသေးသည်။သို့ သော် သူတို့ မှာ ထင်ရှားခြင်းမရှိခဲ့ပေ။

  • ဓလေ့ထုံးစံများ
ကချင်လူမျိုးတို့ သည်အစဉ်အလာအားဖြင့်နတ်ကိုးကွယ်သောလူမျိုးများဖြစ်ကြသည်။ကျေး
ရွာများတွင် ဒွမ်ဆ(DumSa) ဆိုသောနတ်ဆရာမှာအထူးပင်အရေးပါအရာရောက်သောပု
ဂိုလ်တစ်ဦးဖြစ်သည်။မင်္ဂလာဆောင်သည့်အခါတွင်လည်းခေါင်း၊တစ်ဦးတစ်ယောက်သေ၍
သဂြိုဟ် သည့်အခါတွင်လည်းကောင်း ထိုဒွမ်ဆ နတ်ဆရာက ရှေ့ ဆောင်ညွှန်ပြရသည်။ကျေး
ရွာတိုင်းကျေးရွာတိုင်းတွင် ဆလန်(Salang) ဟုခေါ်သောအရပ်လူကြီးများရှိသည်။ဆလန် ကို
ပေမှိုင်း ဟုလည်းရှေးအခါက ခေါ်ကြသည်။ထိုသူတို့ သည် မိမိတို့ ကျေးရွာအတွင်းအမှုအခင်း
သာရေး၊နာရေး ကိစ္စများ၌ မြန်မာနိုင်ငံအတွင်းမှ ဆယ်အိမ်မှုး၊ရာအိမ်မှုးများနည်းတူ ရှေ့ 
ဆောင်ညွှန်ပြရသည်။ဒူဝါ(Duwa) ဟုခေါ်သောအကြီးအကဲများမှာ ကျေးရွာပေါင်း (၂၀) မှ
(၁၀၀) အထိ အသီးသီးအုပ်ချုပ်ရသည်။အင်္ဂလိပ်အစိုးရလက်ထက်၌ တောင်အုပ်ဆိုသူများ
ကိုလည်းခန့် ထားလေသည်။တောင်အုပ်၏အဆင့် မှာဆလန်နှင့် ဒူဝါ ကြားထဲတွင်ရှိသည်။
တောင်အုပ်၏တာဝန်ဝတ္တရားမှာ အုပ်ချုပ်မှုပြေပြစ်လွယ်ကူစေရန် ကျေးရွာလူထုနှင့် ဒူဝါ
တို့ ကိုဆက်သွယ်ပေးရသူဖြစ်သည်။

  • အဆိုအက နှင့်တူရိယာ
ကချင်လူမျိုးတို့ သည် ကခုန်ခြင်းနှင့် သီဆိုခြင်းကို အထူးဝါသနာထုံသော လူမျိုးဖြစ်သည်။
မင်္ဂလာပွဲများတွင်လည်းကောင်း၊အသုဘပွဲများ၌လည်းကောင်း၊အခြားနတ်ပွဲများ၌လည်း
ကောင်း အစုလိုက်အပြုံလိုက်သီဆိုကခုန်လေ့ရှိသည်။ယောင်္ကျားနှင့် မိန်းမ တွဲဖက်ကရာ
တွင်တစ်ဦးနှင့်တစ်ဦးကိုင်တွယ်ထားခြင်းမရှိပေ။တစ်ဦးနှင့်တစ်ဦး သားမွေးယပ်တောင်များ
နှင့်သာဆက်သွယ်ထားကြသည်။ဂျိန်းဖော့ လူမျိုးတို့ ၏ထင်ရှားကျော်ကြားသောပွဲတော်
တစ်ခုမှာ မနောပွဲ(Manau Poi) ဟူသော နတ်ပူဇော်ပွဲဖြစ်သည်။(မနောရှုနတ်)များကိုပူ
ဇော်ပသသောအလေ့အထတစ်ခုမှတိဗက်မြန်မာလူမျိုးတို့ ၏ဓလေ့ထုံးစံဖြစ်ဟန်တူသည်။
ယခုအခါတွင် နှစ်စဉ် ကချင်ပြည်နယ်နေ့ ရောက်တိုင်းမြစ်ကြီးနားမြို့ ၊စီတာပူရပ်ကွက်တွင်
မနောပွဲကြီးကိုစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ကချင်လူမျိုးတို့ သည်မိရိုးဖလာ
အားဖြင့် မောင်း၊လင်းကွင်း၊ပုံရှည် နှင့် နှဲ ကဲ့သို့ သောလေမှုတ်ကိရိယာများဖြင့်တီးမှုတ်လေ့
ှရှိကြသည်။ကချင်လူမျိုးတို့ သည် များသောအားဖြင့်Music ကိုအထူးတလည်ကျွမ်းကျင်ပိုင်
နိုင်ကြသည်။

  • လက်မှုပညာများ
ကချင်လူမျိုးတို့ သည်လက်မှုပညာရပ်များကိုလည်းကျွမ်းကျင်ကြသည်။ရှေးယခင်က သုံးစွဲ
လေ့ရှိသော နှီးဖြင့်ယက်လုပ်ရသော ယွန်းထည်ပစ္စည်းများ၊တောင်းပလုံး စသည့်အိမ်သုံးကိ
ရိယာများကို ပြုလုပ်ရာတွင် လက်ရာမြောက်၊သေသပ်လှပပြီး ခိုင်ခန့် လှသည်။ဓါးလှံအမျိုး
မျိုး နှင့် မီးပေါက်သေနတ်တို့ ကိုရှေးယခင်ကတည်းက ကျွမ်းကျင်ပိုင်နိုင်စွာ ပြုလုပ်အသုံးချ
တတ်သောလူမျိုးများဖြစ်ကြသည်။ကြိုးတံတားများဆောက်လုပ်ခြင်း၊သစ်သားတံတား၊၀ါးတံ
တားများဆောက်လုပ်ခြင်း အိမ်ကြီးအိမ်ကောင်းများဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း
ကျွမ်းကျင်ပိုင်နိုင်လှပြီး သေသပ်ကောင်းမွန်စွာဆောက်လုပ်တတ်ကြသည်။ကချင်လူမျိုးတို့ 
၏ တိုင်းပြည်သိ လက်မှုပညာလုပ်ငန်းမှာ ယက်ကန်းထည်များ ပင်ဖြစ်သည်။ကချင်ယက်
ကန်းထည်များမှာ လက်ရာမြောက်ခိုင်ခန့် လှပြီး လူတစ်ကာကြိုက်နှစ်သက်ကြသည်။ယခု
အခါတွင် ခေတ်မှီကိရိယာများဖြင့် ကချင်ပုဆိုး၊လုံခြည်တို့ ကို မြန်မာနိုင်ငံအနှံ့ တွင်မြောက်
များစွာတွေ့ ရှိနိုင်လေပြီဖြစ်သည်။

No comments:

Post a Comment